Hobbit 2: The desolation of Smaug ကြည့်ပြီးနောက်





Hobbit 2 ကို ကောင်းတယ်ပြောလို့ သွားကြည့်ဖြစ်တယ်။ Hobbit 1ကို အိမ်မှာ တခါကြည့်ဖူးပြီး ဇာတ်လမ်းက မေ့တေ့တေ့ ဖြစ်နေပြီ။ ထွက်ထွက်ချင်းကြည့်မတော့ ခိုးကူးနဲ့ညားပြီး မှုန်ဝါးဝါး၊ အသံက မပီမသ၊ စာတန်းထိုးက မမှန်နဲ့ နားမလည်လိုက်ဘူး။ နောက်လည်း အကြည်ထွက်တော့ ဝယ်မကြည့်ဖြစ်တော့ပါဘူး။ ကြာပြီဆိုမှ ခု နံပါတ်တူးထွက်တော့ လူပြောသူပြောများတာနဲ့ Diamondမှာ 3D သွားကြည့်ဖြစ်တယ်။

ဇာတ်လမ်းအဖွင့်ကို Gandalf နဲ့ လူပုခေါင်းဆောင် Thorin Oakensheild တို့ ခရီးအတွက်တိုင်ပင်တာကို နောက်ကြောင်းပြတာနဲ့ စဖွင့်တယ်။ ပြီးတော့ sceneကို လက်ရှိအခြေအနေဖြစ်တဲ့ နောက်က Orcsတွေလိုက်လို့ ထွက်ပြေးတာကို ပြတယ်။ Orcsတွေရန်က လွတ်အောင်ပြေးရင်း Beorn (Skin Changer)နဲ့ တွေ့ပြီး Mirkwoodကို ဖြတ်ဖို့ မြင်းပုလေးတွေ အကူအညီရတယ်။ Mirkwoodမှာ Spidersတွေ တိုက်ခိုက်တာပြတယ်။ 3Dဖြစ်ပြီး ကြည့်နေတဲ့အတန်းက screenနဲ့ နည်းနည်းနီးတဲ့အတွက် Spider ဘွားကနဲ Bilboနောက်က ပေါ်လာတဲ့အခန်းမှာ လူက လန့်ပြီး ခုံပေါ်က လျောကျတယ်။ Spiderရန်က လွတ်သွားပေမဲ့ Wood Elfsတွေရဲ့ အဖမ်းခံရတယ်။ Wood Elf ဘုရင် Thranduilက အထင်လွဲပြီး ဖမ်းထားတယ်။ (Elfs များနှင့် Dwarvesတွေကြားမှာ Dwarvesတို့ရဲ့ တိုင်းပြည် Moria ပျက်စီးမှုကြောင့် မျိုးနွယ်ချင်း မတည့်နေတာ ဖြစ်တယ်။ ရွှေတွေလိုချင်တာလည်း တပိုင်းပေါ့လေ။) နောက် Bilboရဲ့ အကူအညီနဲ့ လွတ်မြောက်သွားပြီး Lake Townရောက်သွားတာ ပြတယ်။ Lake Town မှာ Thorin Oakenshieldကို တွေ့တဲ့အခါ လူတို့က တချိန်က နိမိတ်ဖတ်တဲ့အတိုင်း ဖြစ်လာတော့မယ်ဆိုပြီး ပျော်ရွှင်ကြတယ်။ နိမိတ်အရ Thror, King Under the Mountain ရဲ့ မျိုးဆက်ပြန်လာတဲ့အခါ မြစ်တစ်ခုလုံး ရွှေတွေ ချောင်းစီးနေမယ်ဆိုတော့ ပျော်ကြတာပေါ့။ လူတွေ အကူအညီပေးတဲ့အတွက် နဂါးရှိရာ တောင်အောက်က လိုဏ်ဂူဆီရောက်၊ နဂါးကြီးက သူတို့လာတာသိပြီး ဖိုက်တင်း ပလေးပြီး နောက် Lake Townက လူတွေ ဒီလူပုတွေကို ကူညီရမလားဆိုပြီး ဖျက်ဆီးဖို့ထွက်သွား၊ ဇာတ်လမ်းလည်း တပိုင်းတစနဲ့ ရပ်သွားရော။ အဲမှာ ကျွန်တော်က ဘာဆက် ဖြစ်မလဲ သိချင်တာပေါ့နော။ ဒါနဲ့ စာအုပ် ဖတ်ဖြစ်သွားတယ် ဆိုပါစို့။

စာအုပ်နဲ့မတူတာကတော့ ဒါရိုက်တာက ဇာတ်ကားတလျှောက် လှုပ်လှုပ်ရှားရှားဖြစ်ပြီး ထိတ်လန်းသဲဖို ဖြစ်အောင် ရိုက်ပြတယ်။ Orcsတွေလိုက်တယ်။ Beornနဲ့တွေ့တော့လည်း ဝက်ဝံနက်ကြီးအဖြစ် ပြောင်းတဲ့အချိန်နဲ့တိုးပြီး သူတို့ကို လိုက်တဲ့အတွက် Beornအိမ်ထဲဝင် ပုန်းရတယ်။ Mirkwoodထဲရောက်တော့လည်း လမ်းကြောင်းက သွေဖယ်မသွားပါနဲ့ဆိုတာကို သွားမိလို့ ပင့်ကူတွေနဲ့ တိုးတယ်။ နောက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းအောင် Legolas (LOTR တွင် Frodo၏ Companion ကိုးယောက်တွင် တစ်ယောက်အပါအဝင် ဖြစ်ပြီး ဘုရင် Thranduilရဲ့သား ဖြစ်သည်။) နဲ့ မင်းသမီးတလက် ထပ်ထည့်ထားပြီး မြှားပစ်ခန်းနဲ့ Non stop actionကို ပေးတယ်။ မင်းသားကချောချော မြှားပစ်ကလည်းတော်ဆိုတော့ ပရိသတ်အကြိုက်ပေါ့။ နောက် actionတွေချည်း ပျင်းမှာစိုးလို့ Romanceပါအောင် Elf မင်းသမီးနဲ့ Dwarf တို့ အချစ်ဇာတ်လမ်းလေး ထည့်လိုက်တယ်။ ဇာတ်ကားတကားလုံး ထည့်ထားတဲ့ Effectတွေကလည်း အရမ်းမိုက်တယ်။

ဇာတ်ညွှန်းရေးတဲ့လူလည်း တကယ်တော်ပါတယ်။ စာအုပ်ရဲ့ ဇာတ်လမ်းကျောရိုးကို မပျက်စေဘဲ အပိုအလိုမရှိအောင် ရိုက်ထားတယ်။ ဒီမှာ မူရင်းဇာတ်ထဲမပါတဲ့ Legolas နဲ့ မင်းသမီးတလက် ထည့်ထားတာ၊ Romanceလေးထည့်ထားတာ လွဲရင် ဇာတ်တခုလုံးက အကြမ်းဖျင်းအားဖြင့် စာအုပ်နဲ့ ထပ်တူညီပါတယ်။ ယုတ်စွအဆုံး Bilbo သစ်ပင်ပေါ် တက်ကြည့်တာကအစ တူတယ်။ ဒီတော့ စာဖတ်သူတွေကို မိတ်ဆက်ပေးရမှာက ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်တဲ့ Thorin Oakensheild ၊ နဂါး Smaug နဲ့ Urkenstone အကြောင်းပဲ။

ဟိုးအရင်တုန်းက Thorin Oakensheildရဲ့ အဖိုး Throrတို့ ဦးဆောင်တဲ့ Dwarvesတွေဟာ မြောက်ဘက်မှ တောင်ဘက်သို့ ရွှေတွေ ငွေတွေနဲ့အတူ ပြောင်းရွှေ့လာပြီး တောင်တစ်တောင်မှာ အခြေချကြတယ်။ (ဒီနေရာမှာ Dwarvesဆိုတာ ဒဏ္ဍာရီလာ လူပုအမျိုးအစားဖြစ်ပြီး သူတို့ရဲ့ အဓိက လုပ်ငန်းကတော့ သတ္တုတူးဖော်ခြင်း ဖြစ်ပါတယ်။ သူတို့ဟာ သဘာဝအရ လောဘကြီးသူများ ဖြစ်ကြတယ်။ စနိုးဝှိုက်ထဲက လူပု ခုနှစ်ယောက်နဲ့ အမျိုးအစား အတူတူပါပဲ။) တောင်ကို Throrတို့ရဲ့ ရှေ့ဘိုးဘွား ဖြစ်တဲ့ Thrainက ရှာဖွေတွေ့ထားတာပြီး ဒီတောင်ထဲမှာပဲ အခြေချရင်း သူတို့ဟာ မိုင်းတူးရင်းဖြင့် ရွှေငွေ ရတနာ မြောက်များစွာ တွေ့ပြီး ချမ်းသာကြွယ်ဝလာကြတယ်။ ချမ်းသာလာတဲ့အခါ Throrက ထိုနယ်တဝိုက်မှာ ဘုရင် ဖြစ်လာပြီး သူတို့တောင်ရိပ်မှာပဲ Daleဆိုတဲ့ မြို့ကြီး ပေါ်ပေါက်လာပြီး လူတွေဟာ လူပုဘုရင် လက်အောက်မှာ လာခိုလှုံကြတယ်။ Dwarvesတွေရဲ့ လက်မှုပညာဟာ ကျော်ကြားတဲ့အတွက် လက်နက်၊ ရတနာပစ္စည်းတွေကို အတိုင်းတိုင်းပြည်ပြည်က မှာယူကြပြီး အလွန်ကြွယ်ဝတဲ့ တိုင်းပြည်ဖြစ်လာတယ်။ ဘုရင့်မှာ ရွှေငွေ ရတနာပစ္စည်းတွေ မတရား များပြားလာတဲ့အခါ ရတနာနံ့ရတဲ့ နဂါးက သူတို့တိုင်းပြည်ကို ရောက်လာတော့တာပဲ။ သဘာဝအရ နဂါးတွေက လောဘကြီး ရွှေငွေရတနာတွေကို ပိုင်ဆိုင်လိုကြပြီး ရွှေရှိရာ သူ့အလိုလိုလာပြီး ပိုင်ရှင်တွေကို ဖျက်ဆီးပြီး သူတို့သေတဲ့အထိ ရွှေငွေပုံကို သိုက်လို စောင့်တတ်ကြတယ်။ ဒီဇာတ်လမ်းကမှာတော့ အရမ်းလောဘကြီးတဲ့ Smaugဆိုတဲ့ နဂါးကြီးဟာ မြောက်ဘက်မှ ရောက်လာပြီး Dwarvesတို့ တိုင်းပြည်ကို ဖျက်ဆီးလိုက်တယ်။ ပြီတော့ တောင်အောက်က ဘုရင့်ခန်းမထဲမှာ ရွှေငွေရတနာတွေ စုပုံပြီး စောင့်ကြပ်နေတော့တာပဲ။ ဘုရင် Thror နဲ့ သူ့သားက လျှို့ဝှက်ဥမင်ကနေ လွတ်မြောက်သွားပြီး လျှို့ဝှက်တံခါးသော့နဲ့ မြေပုံကို သိမ်းထားကာ တနေ့ကျရင် နဂါးကြီး သူတို့ဆီက ခိုးယူလိုက်တဲ့ ရွှေတွေကို ပြန်ယူမယ်လို့ တေးမှတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားရတယ်။ နဂါးကြီးကတော့ တောင်အောက်က လူပုတို့တိုင်းပြည်ကို ဝင်လို့ရတဲ့ လမ်းမှန်သမျှ ပိတ်ပြီး ရာစုနှစ်များစွာ ရတနာပုံကြီး စောင့်ကြပ်ကာ အိပ်နေတော့တယ်။
Gandalfက မှော်အောက်လမ်းဆရာ(Necromencer)တွေဆီမှာ Sauronအကြောင်း လျှို့ဝှက်စုံစမ်းရင်း Thorinရဲ့အဖေ အဖမ်းခံထားရတာတွေ့ပြီး မြေပုံနဲ့ သော့ကို Gandalfမှတဆင့် သူ့သားကို ပေးဖို့ အပ်ထားခဲ့တယ်။ Thorin နဲ့ သူ့အဖော် ၁၂ယောက်တို့ဟာ Gandalfရဲ့ အကူအညီနဲ့ နဂါးဆီက ရွှေတွေ ခိုးဖို့ သူတို့ စွန့်စားခန်းကို စတင်ခဲ့ကြတော့တယ်။ ဒါပေမဲ့ Dwarvesတွေဟာ ကြမ်းတမ်းတဲ့သူတွေ ဖြစ်တဲ့အတွက် နဂါးကြီး မသိအောင် တိတ်တဆိတ် ရွှေတွေ ခိုးပေးဖို့ သူတစ်ယောက် လိုလာတယ်။ ဒီမှာ သူတို့ဟာ Gandalf ထောက်ခံပေးတဲ့ Bilbo The Hobbit ကို သူတို့ရဲ့ Burglar(ဖောက်ထွင်းသူခိုး)အဖြစ် ရွေးလိုက်ကြတော့တယ်။

ဒီနေရာမှာ Hobbitနဲ့ ပတ်သက်ပြီး ပြောရရင် Hobbitဟာ Dwarfတို့ Elfတို့လို ဒဏ္ဍာရီမှာ ရှိပြီးသား ဇာတ်ကောင် မဟုတ်ပါဘူး။ ဒီဇာတ်ကောင်နဲ့ ဝေါဟာရကို စာရေးသူ J.R.R Tolkeinက တီထွင်လိုက်တာ ဖြစ်ပြီး ဒီစာအုပ်မှာ ထုတ်ဝေပြီး ၁၉၃၂နောက်ပိုင်းမှာ တွင်ကျယ်လာတဲ့ စကားလုံးဖြစ်ပါတယ်။ Hobbitတွေဟာ ပုံပန်းသဏ္ဍန်အားဖြင့် အရပ် ၃ပေခွဲ လေးပေခွဲကြားရှိပြီး လူပုအမျိုးအစားဖြစ်တယ်။ သူတို့ ခြေထောက်တွေဟာ ကြီးမား ဗျက်ကျယ်ပြီး သူတို့ဦးခေါင်းလိုပဲ ထူထဲတဲ့အမွှေးအမျှင်တွေ ရှိတယ်။ ဒါကြောင့်မို့ ဟော့ဘစ်တွေဟာ ဖိနပ် မစီးဘူး။ သူတို့ဟာ သဘာဝအရ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြတယ်။ သူတို့ဟာ မြေကြီးတဝက် တွင်းတူး အိမ်ဆောက်ပြီး နေကြတယ်။ အိမ်ပုံစံတွေဟာ တွင်းတွေလို လုံးဝိုင်းပြီး တံခါး၊ ပြတင်းပေါက်တွေကအစ စက်ဝိုင်းပုံ ဖြစ်ကြတယ်။ သူတို့နေတဲ့နေရာကို အိမ်လို့ မခေါ်ပဲ ဟော့ဘစ်တွင်း (Hobbit Hole)လိုပဲ ခေါ်တယ်။ ဆေးတံသောက်ရတာ နှစ်သက်ပြီး တနေ့ကို အစာခဏခဏစားတတ်တဲ့ လူမျိုးဖြစ်တယ်။ အနည်းဆုံး တစ်နေ့ ခြောက်ကြိမ်စားတယ်။ သူတို့ဟာ များသောအားဖြင့် စိုက်ပျိုးရေးနဲ့ အသက်မွေးကြတယ်။ နေထိုင်သွားလာရတာ တိတ်ဆိတ်ငြိမ်သက်ပြီး ခြေသံလုံကြတယ် (ဒါကြောင့် Bilboကို သူခိုးအဖြစ် Gandalfက ရွေးပေးတာဖြစ်တယ်)။ စွန့်စားခန်းကို ကြိုက်နှစ်သက်မှုမရှိဘဲ စွန့်စွန့်စားစား လုပ်တဲ့သူတွေကိုလည်း ရူးကြောင်ကြောင်အဖြစ် သတ်မှတ်ကြတယ်။ သူတို့ နေထိုင်ရာ Shireမှ ကျန်ဒေသတွေအကြောင်း စိတ်မဝင်စားဘူး။ Hobbitတော်တော်များများဟာ သူတို့မွေးဖွားရာ ဒေသမှာပဲ သေတဲ့အထိနေသွားတာများပြီး တခြားဒေသကို လုံးဝမရောက်ဘူးကြဘူး။

Bilboအကြောင်းပြောရရင် သူ့ဖခင်မျိုးဖြစ်တဲ့ Baggins မျိုးရိုးဟာ ချမ်းသားကြွယ်ဝပြီး လူအများလေးစားရတဲ့ မျိုးရိုးဖြစ်တယ်။ ဒါပေမဲ့ သူ့မိခင်မျိုးရိုးဖြစ်တဲ့ Tookမျိုးရိုးကတော့ စွန့်စားလိုစိတ်ရှိတဲ့ မျိုးရိုးဖြစ်တယ်။ Bilboရဲ့အဘိုး Old Tookဟာဆိုရင် Gandalfနဲ့ စွန့်စားခန်းဖွင့်ဖူးတဲ့သူ ဖြစ်တယ်။ Old Tookဟာ Gandalfနဲ့ သွားတဲ့ခရီးက ရွှေငွေတွေ ပါလာပြီး ချမ်းသားကြွယ်ဝမှုရှိပေမဲ့ သူ့ကို Hobbitအများစုက ရူးကြောင်ကြောင်အဖြစ် သတ်မှတ်ပြီး လေးစားမှုမရှိကြဘူး။ သူပြောတဲ့ သူ့စွန့်စားခန်းပုံပြင်တွေကိုလည်း မယုံကြဘူး။ Gandalfက Bilboရွေးရတဲ့ အကြောင်းကတော့ Tookသွေးပါလို့ ဒီခရီးအတွက် သူက ရွေးချယ်လိုက်ခြင်းဖြစ်တယ်။

ကျန်တဲ့အပိုင်းတော်တော်များများကတော့ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ ၁ရော ၂ရောက စာအုပ်နဲ့ သိပ်မကွာပါဘူး။ ၂မှာပါတဲ့ Lake Townက Brad အကြောင်းပြောရရင်တော့ သူ့အဘိုးဟာ Daleမြို့သူကြီး ဖြစ်တယ်။ နဂါးစတင် ကျူးကျော်စဉ်က သူ့မြှား (Black Arrow)နဲ့ ပစ်လိုက်လို့ နဂါးကြေးခွံမှာ အပေါက်ဖြစ်နေတယ်။ နဂါးတွေရဲ့ ကြေးခွံဟာ ထူထဲတဲ့အတွက် သာမန် မြှားနဲ့ ပစ်ရင် မသေဘဲ Black Arrowနဲ့ ပစ်မှသေတယ်။ ဒုတိယကားမှာ နဂါးဟာ Lake Townကို ပျံသွားတာနဲ့ ပြီးသွားတယ်။
အဲ့နောက်ပိုင်း ဇာတ်လမ်းကို ဆက်ရရင် နဂါးဟာ Lake Townရောက်လာပြီး ဖျက်ဆီးတယ်။ အဲ့အချိန်မှာ Bradက နဂါး ကြေးခွံပေါက်နေတဲ့နေရာကို တချောင်းထဲကျန်တဲ့ Black Arrowနဲ့ ပစ်လိုက်တဲ့ အတွက် နဂါးသေသွားတယ်။ ဒါပေမဲ့ မြို့တဝက်နီးပါး ပျက်ဆီးသွားပြီး လူတော်တော်များများ ဒဏ်ရာရကုန်တယ်။ ဒဏ်ရာရသူတွေနဲ့ အိုးမဲ့အိမ်မဲ့တွေကို Elf ဘုရင်နဲ့ တပ်သားတွေ လာရောက် ကူညီတယ်။ နဂါးကြီးသေတဲ့အခါ ရွှေတွေဟာ အစောင့်မရှိတော့ဘူးဖြစ်တဲ့အတွက် လူတွေ နဲ့ Elfတွေ သွားရောက်ယူမယ်ဆိုပြီး တောင်အဝင်ပေါက်ဆီကို ချီတက်ကြတယ်။ သူတို့လာတာကို Thorinတို့ သိသွားပြီး Front Gateကို ချက်ချင်းပြုပြင်ပိတ်ပြီး တောင်ထဲကနေ စောင့်နေတယ်။ စစ်ကူအနေနဲ့ သူ့ညီဆီကို ငှက်လွှတ်ပြီး ချက်ချင်း စစ်တပ်လာဖို့ ခေါ်လိုက်တယ်။

လူတွေနဲ့ Elf စစ်တပ်ရောက်လာတဲ့အခါ Thorinတွေက အထဲက ကြံကြံခံနေတာကို တွေ့ရတယ်။ အပြင်စစ်တပ် နှစ်တပ်ကလည်း နဂါးကို လူတွေက သတ်တယ်၊ နဂါးလုပ်လို့ လူတွေ ဒုက္ခရတာကို Elfတွေက ကယ်တာဖြစ်တဲ့အတွက် သူတို့ကို ရွှေတွေခွဲပေးသင့်တယ်ဆိုပြီး တောင်းဆိုတယ်။ ဒါကို Thorinက ငြင်းပြီး တပ်ကူ လာတဲ့အထိ စောင့်တယ်။ Bilboအနေနဲ့ကတော့ နဂါးလည်း သေပြီ၊ သူ့တာဝန်လည်း ပြီးပြီဖြစ်တဲ့အတွက် အိမ်ပြန်ချင်လှပြီ။ တောင်ထဲမှာ ပိတ်မိမနေချင်တော့ဘူး။ သူ့လက်ထဲမှာ Urkenstoneလည်း ရောက်နေပြီ။ Thorinလူစု ခေါင်းတောက်အောင် ရတနာပုံထဲမှာ Urkenstoneကို ရှာနေပေမဲ့ Bilboက သူယူထားတဲ့အကြောင်း မပြောဘူး။

Urkenstoneဆိုတာ ဘာလည်းဆိုတော့ တောင်ရဲ့ အသည်းနှလုံးနေရာကနေ ရထားတဲ့ ကျောက်တုံးဖြစ်တယ်။ အဖိုးအနဂ္ဂထိုက်တန်ပြီး လူတကာမက်မောတဲ့ ကျောက်တုံးဖြစ်တယ်။ Thorinအမြတ်တနိုးထားရတဲ့ ဘိုးဘွားပိုင် ရတနာလည်း ဖြစ်တယ်။ Bilboက ကျောက်တုံးကို တွေ့တွေ့ချင်းမှာ သဘောကျပြီး သူ့အတွက် ယူထားလိုက်တယ်။ ဒီခရီးကို သူလိုက်လာတဲ့အတွက် ရမဲ့အဖိုးအခက ရွှေအားလုံးကို ၁၄ပုံ ၁ပုံ သူရမှာ ဖြစ်တယ်။ သူ့စိတ်ထဲမှာ ကျောက်တုံးကို သဘောကျတဲ့အတွက် တခြားရွှေငွေတွေ မယူတော့ဘဲ ဒီကျောက်တုံးကိုပဲ ယူတော့မယ်လို့ ဆုံးဖြတ်ပြီး သူ့အတွင်းအိတ်ကပ်ထဲ ဖွက်ထားလိုက်တော့တယ်။ Thorinတို့က ကျောက်တုံးကို ရှာနေချိန်မှာ သူက မသိချင်ယောင်ဆောင်နေတယ်။ ဒီလိုနဲ့ အပြင်မှာ လူနဲ့ Elf တပ်တွေက ဝိုင်းထား၊ သူတို့က ထွက်လမ်းမရှိနဲ့ Thorinရဲ့ စစ်ကူတွေလာရင် သေချာပေါက်စစ်ဖြစ်တော့မဲ့ အခြေအနေဖြစ်နေတယ်။ အဲ့ချိန်မှာပဲ Bilboက Urkenstoneကိုယူ၊ လက်စွပ်ဝတ် ကိုယ်ဖျောက်ပြီး Thorinတို့ မသိအောင်ထွက်။
ခင်ဗျားဘယ်လိုထင်တုန်း။ ဖတ်နေတုန်းက ကျွန်တော့်စိတ်ထဲမှာလေ Bilboက Urkenstoneကြီးယူ၊ ကိုယ်ယောင်ဖျောက်ပြီး ထွက်ပြေးပြီထင်တာ။

တကယ်တော့ သူက ကျောက်တုံးကို အပြင်ဝိုင်းထားတဲ့ Bradတို့ကို သွားပေးတယ်။ ဒီကျောက်တုံးနဲ့ ဈေးညိုပါ။ ဒီကျောက်တုံးကိုပေးပြီး သူ့ရဲ့ ၁၄ပုံ ၁ပုံ ရွှေတွေတောင်းယူလိုက်ပါဆိုပြီး။ ဘယ်လောက် အံ့သြစရာကောင်းတုံး။ ပြီးတော့Bradတို့က Thorinဆီမပြန်ပါနဲ့။ သူတို့နဲ့ နေပါ။ ပြန်သွားလို့ ဒီကျောက်တုံး သူတို့ဆီ ဘယ်လို ရောက်မှန်းသိရင် ဒုက္ခတွေ့လိမ့်မယ်ဆိုတာကို သူ့အနေနဲ့ Dwarvesတွေကို သစ္စာမဖောက်နိုင်ပါဘူးဆိုပြီး ပြန်သွားတယ်။

နောက်ရက်မနက်ကျ ညိုနှိုင်းတော့ Thorinသိသွားပြီး Bilboကို စိတ်ဆိုးသွားတယ်။ ဒီလို အသုံးမကျတဲ့ ဘာဂလာကို ခေါ်ပေးတဲ့ Gandalfကို အပြစ်တင်တယ်။ Gandalfက လူအုပ်ထဲမှာ ရှိနေပြီး Bilboက ညဏ်ပညာ ရှိတဲ့သူဖြစ်ကြောင်း ချီးကျူးပြီး သူ့ဘာဂလာကို ပြန်ပေးဖို့ တောင်းတယ်။ အဲ့အချိန်မှာပဲ စစ်ကူ ခေါ်ထားတဲ့ Dwarvesတွေ ရောက်လာတယ်။ Thorinကလည်း ကျောက်တုံးနဲ့ ရွှေမလဲဘူး၊ ချမယ် ဖြစ်နေတဲ့အချိန်မှာပဲ Orcsတွေနဲ့ Wolvesတွေ ရောက်လာတယ်။ Men, Elves, Dwarvesက တဖက်၊ Orcs နဲ့ Wolvesက တဘက် စစ်တပ်ငါးခု ချကြတော့တယ်။ အဲနောက်ဆုံး ဘယ်လိုဖြစ်သွားလဲ သိချင်ရင် ရုပ်ရှင် ဇာတ်သိမ်းမှ ကြည့်လိုက်တော့နော်။




ကျွန်တော်ရေးတဲ့ postတွေက စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုရင် commentပေးခဲ့ပါ။ လိုအပ်ချက်လေးများရှိရင်လည်း အကြံပေးခဲ့ပါ။


0 comments:

Post a Comment

 

Myanmar Android Programming Tutorials@ 2013 | designed by Star Tek